အိမ်စီးကားဖြင့် တရားမဝင်သစ်သယ်ဆောင်လာသူများအား အမှုဖွင့်အရေးယူထား
***********************************************
MUNA
ရန်ကုန်၊သြဂုတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီးတွင် အိမ်စီးကားဖြင့် တရားမဝင်သစ်သယ်ဆောင်လာသူများအား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (သြဂုတ် ၁၇ရက်) နံနက် ၂ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ မြို့နယ်သစ်တော ဦးစီးဌာနမှ ဝန်ထမ်းများ၊ မင်းကင်းမြို့နယ်သစ်တောရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တန့်ဆည်မြို့နယ်၊ သနပ်ခါးကျေးရွာအနီး ရေဦး-တန့်ဆည်-ကလေးဝကားလမ်း၌ စောင့်ဆိုင်းနေစဉ် ကလေးဝဘက်မှ ကလေးဝမြို့နယ်၊ ကက္ကယ်ကျင်း ကျေးရွာနေ ဆွေလင်း(၂၈)နှစ်မောင်းနှင်ပြီး တစ်ရွာတည်းနေ အောင်ဇော်မိုး(၁၆)နှစ်လိုက်ပါလာသည့် 5G/×××× PAJERO အစိမ်းရောင် အိမ်စီးကားအား ရပ်တန့် စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် တရားမဝင် တမလန်းသစ်ဓားရွေတုံး(၂၂)တုံး(၀.၅၉၂၂)တန်၊ ကာလတန်ဖိုးငွေကျပ်(၂၆၆,၄၉၀)အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သသည်။
တရားမဝင်သစ်ဖမ်းဆီးရမိမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆွေလင်းနှင့် အောင်ဇော်မိုး တို့အား ကံထူးမနယ်မြေရဲစခန်း(ပ)၁၅/၂၀၁၇၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁)ဖြင့် အမှု ဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။