မြောက်ဦးဖြစ်စဉ်အတွင်း ပုဒ်မ ၆၁ ဖြင့်ဖမ်းဆီးအရေးယူခံထားရသူများထဲမှ ၄ ဦး ရုံးထုတ် | Myanmar News Agency

မြောက်ဦးဖြစ်စဉ်အတွင်း ပုဒ်မ ၆၁ ဖြင့်ဖမ်းဆီးအရေးယူခံထားရသူများထဲမှ ၄ ဦး ရုံးထုတ်

စစ်တွေ၊ ဖေဖော်ဝါရီ ၆၊

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဇန်နဝါရီလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းနှင့်ပတ်သက်၍ နိုင်ငံပိုင်ပစ္စည်း များ ဖျက်ဆီးမှု ပုဒ်မ ၆၁ ဖြင့်တရားစွဲဆိုခံထားရသူ ရှစ်ဦးထဲမှ လေးဦးကို စစ်းတွေမြို့နယ်တရားရုံးတွင် ယနေ့ နံနက်ပိုင်းက ရုံးထုတ်ရမန်ယူခဲ့သည်။

အဆိုပါ ဖမ်းဆီးခံထားရသူများမှာ မြောက်ဦးဖြစ်စဉ်တွင် ရဲတပ်ဖွဲ့မှပစ်ခတ်ခဲ့သည့် သေနတ်ဒဏ်ရာရရှိခဲ့သူများ ဖြစ်ပြီး စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် အဆိုပါပုဒ်မဖြင့် ဖမ်းဆီးအရေးယူခြင်းခံထားရသူများ ဖြစ်သည်။

ဖမ်းဆီးခံထားရသူများအား မြောက်ဦးမြို့နယ်တရားရုံးတွင် ရုံးထုတ်ရမန်ယူမည်ဟု မိသားစုဝင်များမှ ကြားသိရသည့်အတွက် မြောက်ဦးမြို့ တွင်စောင့်ဆိုင်းနေကြရာ စစ်တွေမြို့နယ်တရားရုံးတွင် ထုတ်လိုက်သည့်အတွက် တွေ့ခွင့်ရဖြစ်ခဲ့ရကြောင်း သိရသည်။

” ရုံးထုတ်မှာကို တိတိကျကျတော့မသိရဘူး။ မြောက်ဦးမှာထုတ်မယ်လို့တော့ လေ့လာထားလို့သိနေရတာပေါ့။ ဒါကြောင့်ကျွန်တော်တို့ မြောက်ဦးတရားရုံးမှာ စောင့်နေတာပါ။ အခုစစ်တွေတရားရုံးမှာထုတ်လိုက်တော့ တွေ့ခွင့်မရဖြစ်သွားတာပေါ့။”ဟု ဖမ်းဆီးခံထားရသူ တစ်ဦး၏ ဖခင်ဖြစ်သူ ဦးအေးမောင်သိန်းကပြောသည်။

ဖမ်းဆီးခံထားရသူများထဲမှ ဒဏ်ရာသက်သာသူ လေးဦးကို ပထမဆုံးအကြိမ်ရုံးထုတ်ခဲ့ခြင်ဖြစ်ပြီး ကျန်လေးဦးတို့မှာ ကျန်းမာရေးအခြေအနေ ပုံမှန်မဖြစ်သေးကြောင်း စစ်တွေအကျဉ်းထောင်တွင် ထားရှိကြောင်းလည်းသိရသည်။

“သူတို့ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့မိသားစုတွေကို ဘာမှပြောကြားတာအသိပေးတာမရှိဘူးဗျ။ ဒီနေ့ရုံးထုတ်မှာ ကိုလည်းမသိလိုက်ဘူး။ ထောင်ကနေ တရားရုံးကိုခေါ်သွားတဲ့အချိန်ကျမှ ဖုန်းဆက်လာတယ်။ ဒီနေ့ရုံးထုတ်ဖို့ခေါ်သွားပြီ ဆိုပြီးတော့။ မိသားစုတွေအားလုံးက မြောက်ဦးမှာပဲရှိနေကြတာပါ။”ဟု ဆက်လက်ပြောကြားသည်။

ယင်းအဓိကရုဏ်းအတွင်း သေနတ်ဒဏ်ရာရရှိခဲ့သူ ၁၂ ဦးရှိခဲ့ရာ မြောက်ဦးဆေးရုံတွင် ဆေးကုသခံယူနေသည့် လူနာ လေးဦးအနက် သုံးဦးတို့မှာ ထွက်ပြေးလွတ်မြောက်သွားပြီး ကျန်တစ်ဦးနှင့် စစ်တွေဆေးရုံမှ ရှစ်ဦးတို့အား ဖမ်းဆီးထားခြင်း ဖြစ်သည်။

ယနေ့ရုံးထုတ်ရမန်ယူခဲ့သူ လေးဦးတို့မှာ မောင်ထွန်းကျော်စိန်၊ မောင်ကျော်မင်းစိုး၊ မောင်ကျော်ဝင်းနိုင်နှင့် ဦးသန်းဇော်တို့ဖြစ်ကာ ယင်းလေးဦးတို့မှာ မြောက်ဦးမြို့ခံများဖြစ်ကြကြောင်း သိရသည်။

By – လမင်းထွန်း
MUNA

 

Comments

comments

You May Also Like