ဗြိတိသျှလက်ထက် အိန္ဒိယပြည်နယ်တစ်ခုအဖြစ်နဲ့ မြန်မာပြည်အခြေအနေ

နယ်ချဲ့ဗြိတိသျှတို့သည် မြန်မာနိုင်ငံကို ၁၈၂၄ ခုနှစ်မှ စ၍ ပထမကျူးကျော်စစ် စတင် ဆင်နွှဲခဲ့ပြီး သိမ်းပိုက်ရန် ကြံစည်ခဲ့ပါတယ်။ဒုတိယအကြိမ် ကို ၁၈၂၆ တွင် ပြုလုပ်ခဲ့ပြီး တတိယအကြိမ်ဖြစ်တဲ့ ၁၈၈၅ ခုနှစ်မှာ မြန်မာတစ်နိုင်ငံလုံး သိမ်းပိုက်ခံရပြီး ၁၈၈၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှာတော့ လော့ဒပ်ဖရင်က “ဗမာပြည်ကို ဗြိတိသျှပိုင် အင်ပါယာအတွင်းသို့ သွတ်သွင်းလိုက်ပြီ”ဟု ကြေညာခဲ့ကာ မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘဝ ကျရောက်ခဲ့ရပါတယ်။

သိမ်းပိုက်ပြီး ၁၀ လ အကြာ ၁၈၈၅ နိုဝင်ဘာလ မှာတော့ မြန်မာနိုင်ငံကို အိန္ဒိယဘုရင်ခံချုပ် လော့ဒ် ရန်းဒေါ့ ချာချီ အမိန့်နဲ့ အိန္ဒိယ ရဲ့ ပြည်နယ်တစ်ခုအနေဖြင့် သွတ်သွင်းလိုက်ပါတယ်။အဲဒီ့အချိန်မှာ မြန်မာ့လူမှုအဖွဲ့အစည်းအနေနဲ့ အချုပ်အခြာ အာဏာ ကျဆုံးရုံမျှမက နယ်မြေခွဲခြား အုပ်ချုပ်ခြင်းကိုလည်း ခံနေရပါတယ်။မြန်မာပြည်အောက်ပိုင်းမှာ စစ်မီးတွေ ငြိမ်းနေပေမယ့်လည်း အထက်ပိုင်းမှာတော့ အင်္ဂလိပ်အစိုးရဟာ တော်လှန်ရေးသမားတွေနဲ့ ခုခံတိုက်ခိုက်နေရဆဲ ဖြစ်ပါတယ်။

အိန္ဒိယရဲ့ ပြည်နယ်တစ်ခု ဖြစ်နေတဲ့ မြန်မာပြည်ဟာ စိုက်ပျိုးမြေဖြစ်ထွန်းကောင်းမွန်တာကြောင့် အင်္ဂလိပ်အစိုးရအနေနဲ့ ဆူးရက်ဇ် တူးမြောင်းကြီး တူးဖော်ပြီးစဉ်မှာ မြန်မာပြည်ကနေ ဆန်အများအပြားကို သယ်ယူတင်သွင်းလိုခဲ့ပါတယ်။ဒါကြောင့်ပဲ အိန္ဒိယက လယ်ယာလုပ်သားအများအပြားဟာ မြန်မာပြည်ထဲ ဝင်ရောက်လာခဲ့ပြီး မြန်မာ့ လယ်ယာလုပ်ငန်းခွင်ရဲ့ အရေးပါတဲ့ လုပ်သားထုကြီးဖြစ်လာခဲ့ပါတယ်။အင်္ဂလိပ်အစိုးရဟာ မြန်မာပြည်ကို အာရှစပါးအိုးကြီးဖြစ်အောင် ဖန်တီးဖော်ဆောင်နိုင်ခဲ့ပေမယ့် လယ်ယာလုပ်ငန်းခွင်ကရတဲ့ အကျိုးအမြတ်တွေကိုတော့ မြန်မာတွေအနေနဲ့ ခံစားခွင့်မရှိခဲ့ပါဘူး။

လယ်ယာလုပ်ငန်းအပြင် အခြားသော စီးပွားရေးလုပ်ငန်းအများစုကို အိန္ဒိယ လူမျိုးတွေက ချုပ်ကိုင်ထားလို့ အချို့ဒေသတွေမှာ ငတ်ပြတ်သူပုန်ထကုန်ကြပါတယ်။တရားဥပဒေစိုးမိုးမှုလည်း ကင်းမဲ့လာပြီး သူသတ် ၊ ဓားပြတိုက် မှုတွေ ရှိလာခဲ့ပါတယ်။မြန်မာ့စီးပွားရေး ကြီးထွားလာလေလေ ဗြိတိသျှ တွေနဲ့ အိန္ဒိယ က ရွှေ့ပြောင်းနေထိုင်သူတွေ ချမ်းသာလေလေပါပဲ။

ပြည်သူရေးရာဝန်ဆောင်မှု လုပ်ငန်းတွေ ၊အစိုးရလုပ်ငန်းတွေမှာ အင်္ဂလိပ်-မြန်မာ ကပြား များ နဲ့ အိန္ဒိယ လူမျိုးတွေသာ နေရာရရှိပြီး လူများစု ဗမာတွေအပါအဝင် အခြားသော ကရင်ကဲ့သို့ လူနည်းစု တိုင်းရင်းသားတွေအတွက် နေရာမရှိပါဘူး။

၁၈၈၇ ခုနှစ်အစောပိုင်းကာလမှာ ဆာ ပတ်ထရစ် အို ဆာလီဗန်ရဲ့ ညွှန်ကြားချက်နဲ့ ရန်ကုန်မြို့မှာ မြန်မာ့အထွေထွေဗြိတိသျှဆေးရုံကြီးကို ဖွင့်လှစ်ခဲ့ပါတယ်။ဒါပေမယ့် ထိုခေတ်ကာလက မြန်မာတွေ အနေနဲ့ ဖျားနာပါက အဆိုပါဆေးရုံနား ကပ်ဖို့ပင် မရဲကြပါဘူး။ဒီအကြောင်း ဗြိတိသျှ စာရေးဆရာကြီး ဂျော့ခ်ျ အော်ဝဲလ် ရဲ့ မြန်မာပြည်နေ့ရက်များ စာအုပ်မှာ ညွှန်းဆို ရေးသားထားပါတယ်။

၁၉၃၇ ခုနှစ်မှာတော့ ဗြိတိသျှအစိုးရက အစိုးရဌာနတွေမှာ မြန်မာလူမျိုးတွေကို အုပ်ချုပ်မှုနေရာအများဆုံးပေးပြီး သီးသန့်ဖွဲ့စည်းပုံတစ်ခုရေးဆွဲ အုပ်ချုပ်စေလိုတယ်ဆိုကာ မြန်မာပြည်ကို အိန္ဒိယ ပြည်နယ်တစ်ခု အဖြစ်ကနေ ခွဲထုတ်လိုက်ပါတယ်။ဒါပေမယ့် ဗြိတိသျှ ပေးတဲ့ အုပ်ချုပ်မှုစနစ်ဟာ မြန်မာပြည်က တိုင်းရင်းသားတွေကို သွေးခွဲအုပ်ချုပ်တဲ့ စနစ်တစ်ခုသာ ဖြစ်ပါတယ်။အဲဒီ အုပ်ချုပ်ရေးနဲ့ပဲ မြန်မာ့ပထမဝန်ကြီးချုပ်အဖြစ်နဲ့ ဒေါက်တာဘမော်တက်လာခဲ့ပါတယ်။ဒါပေမယ့် မကြာခင်မှာပဲ ဦးစောကို ၁၉၃၉ ခုနှစ်မှာ အတင်းအကြပ် အာဏာလွှဲအပ်ပေးခဲ့ရပါတယ်။ ၁၉၄၂ ခုနှစ် အထိ အာဏာ ရယူအုပ်ချုပ်ခဲ့တဲ့ ဦးစောဟာ ၁၉၄၀ ခုနှစ်မှာတော့ ဂျပန်နဲ့ ဆက်သွယ်တယ်ဆိုပြီး ဗြိတိသျှ အစိုးရရဲ့ ဖမ်းဆီး အရေးယူခြင်းကို ခံခဲ့ရပါတယ်။

ဒီ နိုင်ငံရေးလှိုင်းတွေဟာ မြန်မာပြည်အလယ်ပိုင်းထိရိုက်ခတ်ခဲ့ပြီး ဆန္ဒပြမှုများ နိုင်ငံတဝှမ်း ပေါ်ပေါက်လာခဲ့ပါတယ်။ကျောင်းသားဆန္ဒပြပွဲများလည်း ပေါ်ပေါက်လာခဲ့ပြီး အဆိုပါဆန္ဒပြပွဲ မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသား ကိုအောင်ကျော် ဗြိတိသျှအစိုးရ လက်ချက်နဲ့ အသတ်ခံခဲ့ရပါတယ်။

မန္တလေးမှာပြုလုပ်တဲ့ ဘုန်းကြီးဦးဆောင် ဆန္ဒပြပွဲမှာလည်း ဗြိတိသျှပုလိပ်က လူအုပ်ထဲ သေနတ်နဲ့ ပစ်လို့ ဘုန်းကြီး ၁၇ ပါး ပျံလွန်တော်မူခဲ့ရပါတယ်။အဆိုပါဆန္ဒပြပွဲတွေကို မြန်မာတွေက ၁၃၀၀ ပြည့်အရေးတော်ပုံလို့ ခေါ်ဝေါ်သမုတ်ကြပါတယ်။ဒီအဖြစ်အပျက်တွေကတော့ မြန်မာပြည်ကို အိန္ဒိယပြည်နယ်တစ်ခုအနေနဲ့ အင်္ဂလိပ်အစိုးရက သတ်မှတ်ထားတဲ့ ကာလတဝိုက်က နိုင်ငံရေးအခြေအနေတွေပဲဖြစ်ပါတယ်။

By – Shine Htet Aung
MUNA

Comments

comments

You May Also Like